300

စာရေးသူသည် ၁၉၈၁ ခုနှစ်တွင် ဓမ္မာစရိယ ၃ ကျမ်းအောင်မြင်ပြီး သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့ပါသည်။ ထိုစဉ်က စာရေးသူမှာ ရဟန်းတစ်ဝါမျှရှိသေးသောကြောင့် ရှေ့ဆက်ရမည့် ဘဝခရီးလမ်းလည်း ဝေဝါးလျှက်ရှိပါသည်။ ပရိယတ္တိစာပေများကိုသာဆက်၍ ဆည်းပူးရမလား၊ သို့မဟုတ် အင်္ဂလိပ်စာ လောကီပညာရပ်များကိုပဲ လေ့လာရမလား စသည်ဖြင့် ဗျာများလျက်ရှိပါသည်။ သို့သော် စာရေးသူ၏ ဘဝလမ်းကို အလင်းရောင်သန်းစေမည့် စာအုပ် ငယ်လေးတစ်အုပ်ကို အမှတ်မထင်ဖတ်ဖတ်ရှုရပါသည်။ ထိုစာအုပ်ကား ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကျင့်စဉ်နှင့် သစ္စာအနက်(၁၆)ချက် စာအုပ်ပင်ဖြစ်ပါသည်။ ထိုစာအုပ်ကို အဖန်ဖန်အထပ်ထပ်ကို ဖတ်ရှုရင်း ဆရာတော်ကြီးအား ကြည်ညိုအားကျလျက် ဦးအကြိမ်ကြိမ် ချမိပါသည်။ ထို့ကြောင့် စာရေးသူသည် လောကီပညာ ရပ်များကို လေ့လာလိုသော ဆန္ဒများကို ယာယီအားဖြင့် စွန့်လွတ်လိုက်ပါတော့၏။ ပရိယတ္တိစာပေ ဆက်လက်သင်ကြားမှုတို့ကိုလည်း ရပ်နားခဲ့ပါ၏။ ဆရာတော်ဘုရားကြီး ဟောကြားဆုံးမခဲ့သော ဓမ္မကျင့်စဉ်များကို ကျယ်ပြန့်စွာသိလိုသောဆန္ဒဖြင့်ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ မိုးကုတ် ဝိပဿနာ အဖွဲ့ချုပ်ကြီးရှိရာသို့ (၁၀)ရက်စခန်း ဝင်ရောက်ရန် အရောက်လှမ်းခဲ့ပါသည်။

ကမ္မဋ္ဌာနာစရိယဆရာတော်မှာ စမ်းချောင်းမှ မဏိရတနာကျောင်းဆရာတော် ဦးဇာနေယျဖြစ်ပါသည်။ တရားစခန်းအတွင်း၌ ဆရာတော်ကြီး၏ အသံတော်များကို နာကြားရသောအခါ ပီတိမျက်ရည်ဝေခဲ့ရပါသည်။ ဆရာတော်ကြီး ဆုံးမသောနည်းလမ်းဖြင့် ငါကိုယ်တိုင် ကျင့်ရမည်။ ငါ၏ မိဘ၊ ဆွေမျိုး၊ ဒကာ ဒကာမများကိုလဲ ဟောကြားနိုင်အောင် ကြိုးစားမည်ဟု စိတ်ထဲတွင်ကြိတ်ကာ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့်စာရေးသူသည် မိုးကုတ်ဝိပဿနာတရားတော်များကို အဆက်မပြတ်လေ့လာခဲ့ပါသည်။ စာရေးသူသည် ကံကြမ္မာ၏ စေခိုင်းချက်အရ ပထမဆုံး ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရွာငယ်လေးတစ်ရွာတွင် ကျောင်းထိုင် သာသနာပြု တာဝန်ကို ယူခဲ့ရပါသည်။ ထို့ကြောင့် မြောင်းမြမြို့နယ် အိမ်မဲမြို့နယ်ရှိ ကျေးလက်ဒေသတို့၌ လှည့်လည်ကာ ထိုပဋိစ္စသမုပ္ပါဒ်သစ္စာတရားများကို ဟောပြောပြသလျက် ဒကာ/မတို့အား ကျေးဇူးဆပ်ခဲ့ပါသည်။ ၁၉၉၃ခုနှစ်တွင် ကံကြမ္မာတရားက စာရေးသူအား အလှည့်အပြောင်းတစ်ခု လုပ်ပေးဖြစ်သည်။ ထို့ကြောင့်စာရေးသူသည်မြိတ်မြို့၊ မဟာသိဒ္ဓိအောင်ဆရာတော်၏ သြဝါဒဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကျောင်းထိုင်ခွင့်ကြုံလာရပြန်သည်၊ မြို့ကျောင်းဟုဆိုသော်လည်း ကျောင်းကြီးကန်ကြီးတော့မဟုတ်၊ ပေ(၄၀) ပတ်လည်သာသာရှိသော မြေကွက်ထဲမှာ ဓနိမိုး၊ ဝါးထရံကာသစ်သား ကျောင်းလေးသာဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ဆရာသမားတို့၏ သြဝါဒကိုလွန်ဆန်မှုမပြုဘဲ လမ်းမရှိ၊ ချုံနွယ်ပိတ်ပေါင်း တို့ဖြင့်ဝိုင်းရံထားသော တောင်ခါးပန်းစောင်းမှ ထိုကျောင်းငယ်လေးကိုပင် “မိုးကုတ်ဝိပဿနာ ဓမ္မရာကမ္မဋ္ဌာန်းကျောင်း” ဟုသာသနာပြု ဆိုင်းဘုတ်တင်ခဲ့ပါသည်။ ထိုအချိန်က နယ်စပ်ဒေသကော့သောင်းမြို့၌ ပဋိစ္စသမုပ္ပါဒ်အလင်းရောင်း မထွန်ပြောင်သေးပါ။ စာရေးသူသည် ဥပုသ်နေ့တိုင်း ပရိတ်သတ်များကို မိုးကုတ်ဝိပဿနာ တရားများပြသကာ တနေ့တာ တရားစခန်း အသွင်ဖြင့် စတင်သာသနာပြုခဲ့ပါသည်။ ၎င်းနောက် ကော့သောင်းမြို့တွင် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲအမှတ်(၂၀၉)နှင့် မိုးကုတ်ဝိပဿနာတရားစခန်း ဖွင့်လှစ်ပေးသော ဘုန်းကြီးကျောင်း၊ လေးငါးကျောင်း ထပ်မံထွန်းကားလာခဲ့ပါသည်။ စာရေးသူ၏ သာသနာပြု ဓမ္မရာဇာတွင်လည်း တစ်နှစ်လေးကြိမ်ခန့် (၁၀)ရက်တရားစခန်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။

ဘဝဟူသည် မျဉ်းကဲ့သို့တဖြောင်းတည်းမဟုတ် ကျောက်တိုင်ကဲ့သို့ခိုင်ခံ့၍လည်းမနေ၊ စက်ဝိုင်းကဲ့သို့လည်ပတ်လျက်ရှိပါသည်။ မှန်ပါသည် ဘဝဟူသည်မှာ ကြောင်းကျိုးဆက်စပ် လည်ပတ်နေရသော ပဋိစ္စသမုပ္ပါဒ်ပင်မဟုတ်ပါလော။ စာရေးသူသည် ကော့သောင်းမြို့ သာသနာ ပြုဌာန၌ အားထားရသောတပည့်များ ပေါ်ပေါက်လာသောအခါ သူတို့အား သာသနာပြုကိစ္စ အားလုံးကို ပုံအပ်လျက် ငယ်စဉ်က ချဉ်ခြင်းတပ်ခဲ့သော ဆန္ဒတစ်ခုကို ဖော်ထုဆစ်ပြန်သည်။ ထို့ကြောင့်စာရေးသူသည် (၁၉၉၈-၂၀၀၄) ခုနှစ်များတွင် အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်၌ အင်္ဂလိပ်စာလေ့လာရင်း (M.A,Ph.D)ဘွဲ့များ အတွက် ပညာဆည်းပူးရလေသည်။ တစ်ခြားတစ်ဖက်တွင်လည်း သစ္စာနယ်မြေလို့ခေါ်ဆိုအပ်သည့် မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးတရား ထိုးတွင်းသိမြင်တော်မူရာ မဟာဗောဓိအောင်မြေဝယ် ပါရမီဖြည့်ခွင့်ရသဖြင့် မိမိကိုယ်ကို ဝမ်းသာပီတိဖြစ်ရပါသည်။ နေ့စဉ်လိုလို မဟာဗောဓိစေတီတော်သို့ ကြွရောက်လျက် သက်တော်ထင်ရှားမြတ်စွာဘုရားကို အာရုံယူဝတ်ပြုရှိခိုး တရားဓမ္မ ရှုမှတ်ခဲ့ပါသည်။

၂၀၀၆ ခုနှစ်တွင် ငယ်ဆရာဖြစ်တော်မူသော ကျောက်ဖြူမြို့၊ ယပ်လှဲကျောင်းဆရာတော်ကြီးသည် ဒေါက်တာသုပီယနှင့် စာရေးသူတို့အား ပစ္ဆာသမဏ အဖော်ပြုကာ စင်္ကာပူနိုင်ငံသို့ အလည်ကြွရောက်ခဲ့ပါသည်။ ထိုစဉ်အတွင်း ဒါယိကာ/မ များ၏တောင်းပန်မှုဖြင့် စာရေးသူသည် ပဋိစ္စသမုပ္ပါဒ်အခြေခံ သစ္စာဓမ္မများကို ဟောကြားခွင့်ရခဲ့ပါသည်။ ထို့အတူ သာသနာပြုအဖွဲ့ခွဲတစ်ခုကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။ အဖွဲ့၏အမည်ကို “သစ္စာပါရမီ” ဟု အမည်ပေးလိုက်ကြပါသည်။ စာရေးသူကိုယ်တိုင်မှာကား ၂၀၀၉ ခုနှစ် ဇူလိုင်လရောက်မှ ကော့သောင်းမှ စင်္ကာပူသို့ကြွရောက်သီတင်းသုံးနိုင်ပြီး သစ္စာပါရမီ သာသနာပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

အစပထမတွင် စာရေးသူတို့၏သစ္စာပါရမီအဖွဲ့သားများသည် စာရေးသူနေထိုင်သော တိုက်ခန်းများတွင်းမှာပင် ပရိသတ်နှစ်ဆယ်၊ နှစ်ဆယ်ငါးယောက်ခန့်ဖြင့် မိုးကုတ်ဝိပဿနာ တစ်နေ့တာတရားစခန်းများ ကျင်းပကြပါသည်။ ဤသို့ဖြင့် တဖြည်းဖြည်းတရားနာ၊ တရားအားထုတ်သူများပြားလာရာ ဟောခန်းမကြီးများဌားရမ်းလျက် တနင်္ဂနွေနေ့တိုင်း အပါတ်စဉ်တနေ့တာ တရားစခန်းကိုကျင်းပကြပါသည်။ မိုးကုတ်ဝိပဿနာတရားဓမ္မများကို ပိုမိုကျယ်ပြန့်စွာ သာသနာပြုဆောင်ရွက်နိုင်ရန် မိုးကုတ်အဖွဲ့ချုပ်ကြီးသို့တင်ပြရာ အဖွဲ့ချုပ်၏ လစဉ်အမှုဆောင်အစည်းအဝေးမှ(၉-၃-၂၀၁၁)ရက်နေ့တွင်၊ စင်္ကာပူနိုင်ငံ၊ သစ္စာပါရမီဓမ္မရိပ်သာကို မိုးကုတ်ဝိပဿနာ ပြည်ပအဖွဲ့ခွဲ(၁)ဟု အသိအမှတ်ပြုကြောင်း အတည်ပြု ဆုံးဖြတ်လိုက်ပါသည်။ ဤကား မိုးကုတ်ဝိပဿနာပြည်ပအဖွဲ့ခွဲ(၁) စင်္ကာပူနိုင်ငံ၊သစ္စာပါရမီဓမ္မရိပ်သာ ပေါ်ပေါက်လာရခြင်းနိဒါန်းပင်ဖြစ်ပါသည်။

လုပ်ငန်းစဉ်များကို အနည်းငယ်ဆက်လက်တင်ပြရသော်- စာရေးသူတို့၏ သစ္စာပါရမီအဖွဲ့သည် ရန်ကုန်မြို့၊ မိုးကုတ်ဝိပဿနာဌာနချုပ်မှ ကမ္မဋ္ဌာနာစရိယဆရာတော်များ ဖြစ်ကြသော- ခြောက်ထပ်ကြီးဆရာတော် ဦးပဏ္ဍိတ(ဒွိပိဋကဓရ)၊ လေးဒေါင့်ကန်ဆရာတော် ဦးသြဘာသ မှော်ဘီ၊ မင်္ဂလာရိပ်သာဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး)၊ ပခုက္ကူမြို့၊ မင်္ဂလာရိပ်သာဆရာတော် ဦးသုန္ဒရ၊ အုတ်ဖိုမြို့၊ရွှေကျွန်းကုန်းဆရာတော် ဦးပညိန္ဒာဓိဝံသ၊ ရန်ကုန်မြို့၊ အောင်စကြာဆရာတော် ဦးစန္ဒသိရီ၊ အင်းစိန် ညောင်ပင်သာဆရာတော် ဦးမာလာစာရ၊ ဆရာတော် ဒေါက်တာ အာသဘ စသည့်ဆရာတော်များကို ပင့်ဖိတ်ကာ သစ္စဓမ္မရက်တို၊ ရက်ရှည် တရားစခန်းပွဲများကို ကျင်းပနိုင်ခဲ့ကြပါသည်။ သစ္စာပါရမီအဖွဲ့ကြီးသည် ဝိပဿနာတရားစခန်းအပြင် ပြည်ပရောက်မြန်မာများ ဆေးကုသမှုစသော သာရေး၊ နာရေး၊လူမှုရေး၊ စုပေါင်းသွေးလှူဒါန်းခြင်း၊ အသက်လွှတ်ဘေးမဲ့ကုသိုလ်ပြုခြင်း၊ သက်ကြီးပူဇော်ပွဲကျင်းပခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကထိန်သင်္ကန်းဆက် ကပ်လှူဒါန်းခြင်း၊ ရိုးရာသြင်္ကန်နှင့် ကဆုန်လပြည့်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ စသည် ကုသိုလ်မျိုးစုံကို စုပေါင်းလုပ်ခဲ့ကြပါသည်။ ပုံမှန်တစ်နေ့တာ ဝိပဿနာတရားစခန်းပွဲကျင်းပခဲ့သည်မှာ (၂၆-၁-၂၀၁၄)ရက်နေ့တွင် အကြိမ်(၁၇၉)ကြိမ်အထိ ကျင်းပခဲ့ပြီးဖြစ်သည်။

စာရေးသူတို့ ဤတရားစခန်းအဆက်မပြတ်ကျင်းပခဲ့သည်မှာ လွယ်လွယ်ကူကူ ကျင်းပနိုင်ခဲ့ကြသည်မဟုတ်ပါ။ အချိန်နှင့် နေရာ အခက်အခဲ၊နေရာအမျိုးမျိုးတွင် အလုပ်တာဝန်မျိုးမျိုး လုပ်ကိုင်နေကြသူများအတွက် အဆင်ပြေကိုက်ညီမည့် နေရာဌာနမျိုးနှင့် အချိန်အခါ စသည့် အခက်အခဲပေါင်းများစွာတို့ိကို ကြုံတွေ့ခဲ့ရပြီး တစ်ခါတစ်ရံ တရားပွဲ၊ တရားစခန်းဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်ကြသူ လူတိုင်းလူတိုင်း အထူးတလည်ကြိုးစားအားထုတ်၍ ခက်ခက်ခဲခဲ ကျင်းပခဲ့ရပေသည်။ စင်္ကာပူရောက် ဝေယျာစ္စပြုဒါနပြုလုပ်သူ မြန်မာလူငယ်များ သည်လည်း အလွန့်အလွန် ချီးကျူးစရာကောင်းလှပေသည်။ သူတို့သည် အလွန်အလုပ်များကြသူများဖြစ်ကြသည်။ တစ်ချို့များမှာမူ တနင်္ဂနွေတစ်ရက်မျှပင် အားရက်မရှိလောက်အောင် လုပ်ကိုင်နေကြ ရသည်။ တစ်နေ့တာ တရားစခန်းတွင် သူတို့၏ ဝေယျာဝစ္စ လုပ်အားဒါန ပြုပေးမှုကြောင့် စာရေးသူတို့၏တစ်နေ့တာ တရားစခန်း ဆက်လက် ကျင်းပနိုင်ခြင်းဖြစ်ပါသည်။

မြတ်စွာဘုရားရှင်ကလည်း အလှူကောင်းမှုမျိုးစုံတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။ သာမာန်လူတို့ အိပ်စက်အနား ယူနေကြသောညဉ့်တွင် တရားဖြင့်ကုန်လွန်သော ညဉ့်သည် အမြတ်ဆုံးဖြစ်၏။ အကောင်းဆုံးသောအရသာမျိုးစုံတို့တွင် တရား အရသာသည် အမြတ်ဆုံးဖြစ်၏။ တဏှာမှလွတ်မြောက်ခြင်းသည် ဒုက္ခအားလုံးက လွတ်မြောက်ရခြင်းဖြစ်၍ အမြတ်တကာ အမြတ်ဆုံးဖြစ်၏ ဟု ဟောကြားတော်မူခဲ့ပါသည်။ ဤဒေသနာအရ စာရေးသူတို့၏ သစ္စာပါရမီအဖွဲ့သားများသည် စင်္ကာပူရောက်မြန်မာတို့အတွက်ပဋိစ္စသမုပ္ပါဒ် သစ္စာဓမ္မစက် ကောင်းမှု ကုသိုလ်ကြီးကို ငါးနှစ်တိုင်တိုင် လည်ပတ်စေနိုင်ခဲ့ပြီဖြစ်၍ အမြတ်ဆုံး ကုသိုလ်ဆုကြီးကို ရယူပန်ဆင်ခဲ့ပြီဟု ဆိုနိုင်ပေသည်။ အားလုံးသော ဓမ္မပြန့်ပွားရေးကို လိုလားကြသူ သူတော်စင် အပေါင်းတို့က နောင်အနာဂတ်တွင်လည်း စင်္ကာပူနိုင်ငံ၊ သစ္စာပါရမီ၊ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့(၁)အား ဆက်လက်ရှင်သန်ထာဝရ ခိုင်မြဲတည်တံ့နိုင်ရန် အထူးအားပေးတော် မူကြပါရန် တိုက်တွန်းလိုက်ရပေသည်။

မှတ်ချက်။ ။ ဤဆောင်းပါးကို ရေးသားရန်တိုက်တွန်းပေးကြသော ဆရာတော်ဦးစန္ဒသိရီ(ဓမ္မကထိက၊မိုးကုတ်ဓမ္မရိပ်သာ၊သာကေတ) နှင့် စင်္ကာပူနိုင်ငံ၊သစ္စာပါရမီ မိုးကုတ်အဖွဲ့၊ ပြည်ပအဖွဲ့ခွဲ(၁)မှ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြတ်လင်းတို့အားအထူးကျေးဇူးတင်အပ်ပါသည်။

မေတ္တာဖြင့် – သစ္စာပါရမီ ဒေါက်တာ အရှင်ဇယတိဿ၊စင်္ကာပူနိုင်ငံ။