ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း

 

  • ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး အလောင်းလျာကို ဗဒုံမင်းတရားကြီး၏ ဥယျာဉ်တော်ရွာနေ ဦးအောင်ထွန်း၊ ဒေါ်ရွှေအိတ်တို့မှ ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့လည် ၂နာရီ ၃၀မိနစ်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူပါသည်။ ငယ်မည်မှာ မောင်လှဘော်ဖြစ်ပြီး မွေးချင်း ၈ ဦးရှိပါသည်။

  • ၁၂၆၉ ခုနှစ်တွင် ဥယျာဉ်တော်ရွာ ဂွေးပင်တောရ ဆရာတော် ဦးဇာဂရ ထံတွင် ရှင်ဝိမလအမည်ဖြင့် ရှင်သာမဏေပြုပါသည်။

  • ၁၂၇၂-ခုနှစ်တွင် ကိုရင် ဝိမလ၏ သင်္ကန်းကို ကြိုးတန်း၌ လှန်းထာစဉ် ပျားများအုံဖွဲ့၍ နိမိတ်ထူးပြခဲ့ပါသည်။

 

  • ၁၂၈၇ ခုနှစ်တွင် အမရပူရမြို့ရှိ မင်္ဂလာကျောင်းတိုက်၊ တိုက်အုပ် ဆရာတော် ဦးသုဇာတ ထံတွင် ပရိယတ္တိစာပေကို သင်ယူခဲ့ပါသည်။

 

  • မင်္ဂလာတိုက်အနီးရှိ ဇရပ်ကြီးတွင် အဘိဓမ္မာပါရဂူ ပထမကျော် ဆရာကြီး ဦးအုန်းထံတွင် အဘိဓမ္မာညဝါ စာပေများကို ဆက်လက်သင်ယူခဲ့ပြီး သာမဏေဘဝကပင် အဘိဓမ္မာကျမ်းဂန်များကို ကောင်းစွာ တတ်မြောက်ခဲ့ပါသည်။

 

  • ၁၂၈၁- ခုနှစ်တွင် မင်္ဂလာကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဦးသုဇာတကို ဥပဇ္ဈာယ်ဆရာပြု၍ ရဟန်းအဖြစ်ကို ခံယူတော်မူပါသည်။

 

  • ရဟန်းအဖြစ်ကို ရောက်ရှိပြီးနောက် သိမ်မှထွက်၍ မင်္ဂလာကျောင်းတိုက်အတွင်းရှိ မိမိနေထိုင်ရာ မကုဋကျောင်းသို့ ပြန်ပြီး ချွေးစိုနေသည့် သင်္ကန်းကို တန်းပေါ်၌ လှန်းထားစဉ် ပျားများအုံဖွဲ့ကာ ဒုတိယ အကြိမ် စွဲပြန်ပြီး နိမိတ်ထူးပြခဲ့ပါသည်။

 

  • စာပေသင်ကြားမှုကို အားရ တင်းတိမ်ခြင်းမရှိဘဲ ကျမ်းတတ် အကျော်ဆရာတော်ကြီးများဖြစ်သည့် (၁) ခေမာသီဝံဆရာတော်၊ (၂) ဘုရားကြီးတိုက် ဆရာတော် ဦခန္တီ (၃) ရွှေရေးဆောင်တိုက် ဆရာတော် အရှင် အာဒိစ္စရံသီတို့ထံ၌ ပရိယတ္တိစာပေကို ဆက်လက် သင်ယူခဲ့ပါသည်။

 

  • ၁၂၈၂ ခုနှစ်တွင် မိုးကုတ်မြို့မှ သီလရှင် ဒေါ်ဝိစာရီက ရဟန်းအစ်မပြု၍ ဒုတိယအကြိမ် သိမ်ထပ်တော်မူပါသည်။

 

  • ဦးဝိမလသည် မင်္ဂလာတိုက်အတွင်းရှိ အလယ် ပိဋကတ်တိုက် ကျောင်းအသစ်ကြီးတွင် သီတင်းသုံးပြီး မြန်မာပြည် တစ်ခွင်မှ စာသင်သားများစွာတို့အား အနှစ် ၃၀ တိုင်အောင် အဘိဓမ္မာဆိုင်ရာ `မာတိကာ ဓါတုကထာ ယမိုက်ပဋ္ဌာန်း´ အစရှိသည့် ကျမ်းကြီးများကို တစ်နှစ်လျှင်  သုံးခေါက်ပို့ချခဲ့ပါသည်။ ခန္ဓာဉာဏ်ရောက် တရားများကိုလည်း ဟောကြားခဲ့ပါသည်။

 

  • ၁၂၈၇ ခုနှစ်တွင် ဆရာကြီး ဦးအုန်း ကွယ်လွန်သွားသဖြင့် အပြီး မသတ်ခဲ့သော `အဘိဓမ္မာညဝါတံခွန်´ ကျမ်းကြီးကို ဆက်လက်ပြုစုခဲ့ပါသည်။ ထို့ပြင် `ယမကမဉ္စရီကျမ်းနှင့် ပုထုဇ္ဇနအလင်းပြကျမ်း´ တို့ကို ပြုစုခဲ့ပါသည်။

 

  • အောင်ခြင်းရှစ်ပါး ဆရာတော်၏ ဆုံးမဩဝါဒ ပေးမှုကို ခံယူကာ မိမိရဟန်းကိစ္စပြီးရေးကို အနည်းငယ်သာ ကျိန်းစက်၍ သန်းခေါင်ချိန်မှစပြီး သဒ္ဓါနှင့် ဝီရိယကို စွဲကိုင်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်တော်မူပါသည်။ ဆရာတော်သည် အချိန်ကို လေးစား တိကျစွာ လုပ်ဆောင်လေ့ရှိပါသည်။

 

  • ၁၂၉၂ ခုနှစ်တွင် လယ်တီစာချ ဓမ္မကထိက ဦးပဒုမ မကျန်းမာ၍ ၎င်းကိုယ်စား ညောင်းလေးပင်မြို့၊ ပြည်လုံးချမ်းသာ ဗုဒ္ဓပူဇနိယ သဘင်၌ အဘိဓမ္မာတရားများကို ဟောကြားတော်မူခဲ့ပါသည်။ ၉ နှစ်တိုင်တိုင် ဆက်လက် ချီးမြှင့်ခဲ့ပါသည်။

 

  • ၁၂၉၄ ခုနှစ်မှစ၍ ၁၃၀၃ ခုနှစ်အထိ မိုးကုတ်မြို့တွင် တရားဓမ္မများကို ပို့ချပြီး ဝါဆိုခါနီးမှ အမရပူရမြို့သို့ ပြန်ကြွလေ့ရှိပါသည်။

 

  • စစ်ကာလအတွင်း၌ မိုးကုတ်မြို့ ဘော်ဘတန်းရွာတွင် သီတင်းသုံးပြီး ဝိပဿနာတရားကိုသာ အားထုတ်နေခဲ့ပါသည်။

 

  • စစ်ကြီးပြီးသော် အမရပူရမြို့၌ ဝါတွင်း ကာလပတ်လုံး သီတင်းသုံးပြီး ပရိယတ်စာပေပို့ချမှုကို ၁၃၁၆ ခုနှစ်မှစ၍ မပြုတော့ဘဲ တရားဟောမှုကိုသာ ပြုခဲ့ပါသည်။

 

  • ၁၃၁၇ ခုနှစ်တွင် မန္တလေးမြို့တွင် တရားဓမ္မများကို နှစ်စဉ် ကြွ၍ ချီးမြှင့်တော်မူခဲ့ပါသည်။

 

  • ၁၃၂၄ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်နေ့တွင် `အဂ္ဂမဟာပဏ္ဍတ´ ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်အစိုးရ သာသနာရေးဌာနမှ ဆက်ကပ်လှူဒါန်းပါသည်။

 

  • ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၄)ရက်တွင် (ခရစ် ၁၉၆၂-ခု အောက်တိုဘာ လ ၁၇-ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ (၁) နာရီ၊ မိနစ်(၂၀)အချိန်တွက် ခန္ဓာဝန် ချုပ်ငြိမ်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။

 

  • ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ နောက်ဆုံး မိန့်ဟဩဝါဒတော် (နေ့ ၁-နာရီ၊ ၁၅ -မိနစ်)

 

  • “ခန္ဓာရှိတဲ့သူတိုင်း ခံစားရမည့် ဝေဒနာတွေကို ကျော်လွန်အောင် (ဝေဒနာဖြစ်ပျက်တို့ရဲ့ အဆုံးကို တွေ့အောင်) ရှုကြ၊ မမေ့မလျော့နေရစ်ကြ…”။

 

  • ၁၃၂၄ ခု၊ ပြာသိုလပြည့်နေ့တွင် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို မီးသြင်္ဂိဟ်ရာ – ရုပ်ကလာပ်တော်၏ ထူးခြားချက် (၁၅)ချက်မှာ –

 

  • ရုပ်ကလာပ်တော် ဆေးသွင်းရာတွင် သွေးစိမ်းများ အထက်သို့ (၄)လက်မခန့် ထောင်၍ ပန်းထွက်ခြင်း၊ ထို့နောက် ရုပ်ကလာပ်တော်ကို (၇)ရက်တိုင်တိုင် နေ့စဉ် ဆေးထိုးတိုင်း သွေးစိမ်းများထွက်ခြင်း။

 

  • ရုပ်ကလာပ်တော်မှာ ဆေးသွင်းစက ညိုမည်းသွားသော်လည်း တဖြည်းဖြည်းအသားတော်မှာ သက်တော်ရှိစဉ်ကကဲ့သို့ ဝင်းထိန် တောက်ပလာခြင်း။

 

  • ရုပ်ကလာပ်တော်၏ အသားတော်များမှာ သက်တော်ရှိစဉ်ကကဲ့သို့ ပျော့ပျောင်း၍ နေခြင်း။

 

  • သက်တော်ရှိစဉ်က ချခဲ့သော ဆံတော်များ ဓာတ်တော်ကဲ့သို့ လုံးသွားခြင်း။

 

  • ရုပ်ကလာပ်တော်မှ ခြေသည်း၊ လက်သည်းများ ရှည်ထွက်လာခြင်း။

 

  • ရုပ်ကလာပ်တော်မှ ဆံတော်များ ရှည်ထွက်ခြင်း။

 

  • ရုပ်ကလာပ်တော်ကို ဗဟို စံကျောင်း မဏ္ဍပ်မှ ဦးကျော်သိန်း၊ ဒေါ်တင်လှတို့၏ မဏ္ဍပ်သို့ ပင့်ဆောင်လာစဉ် များလှစွာသော လူအုပ်ကြီးအပေါ်မှ မြောက်မြားစွာသော ပျားကောင်များသည် ဤရုပ်ကလာပ်တော်ကို ပူဇော်ဖူးမြော်လျက် ပင့်ဆောင်လာသော လမ်းစဉ်အတိုင်း ပျံသန်းလိုက်လာပြီး ရုပ်ကလာပ်တော်ထားရှိသည့် မဏ္ဍပ်မုခ်ထိပ်တွင် ဝင်ရောက်စွဲအုံကြခြင်း။

 

  • ရုပ်ကလာပ်တော်ကို မီးသြင်္ဂိဟ်ရာ အချိန်ကြာမြင့်စွာ မီးမစွဲဘဲ ကျိန်းစက်ဘိသကဲ့သို့ စင်းစင်းပင် တည်ရှိခြင်း။

 

  • ရုပ်ကလာပ်တော်ကို မီးသြင်္ဂိဟ်ရာ မီးစွဲလောင်သော်လည်း ရုန်းခြင်း၊ ကွေးခြင်း၊ မရှိဘဲ ပကတိ ကျိန်းစက်သကဲ့သို့ တည်ရှိခြင်း။

 

  • မီးသြင်္ဂိဟ်စဉ် ရုပ်ကလာပ်တော်မှ မကောင်းသော အနံ့များ မထွက်ခြင်း။

 

  • မီးသြင်္ဂိဟ်စဉ်က ကောက်ယူထားသော အရိုးတော်များမှာ တဖြည်းဖြည်း ဓာတ်တော်များ ဖြစ်လာခြင်း။

 

  • မီးသြင်္ဂိဟ်ပြီးနောက် အုတ်ပလ္လင်မှ အရိုးတော်တစ်ပိုင်း ဓာတ်တော်တစ်ပိုင်း ရရှိခြင်း။

 

  • မီးသြင်္ဂိဟ်ပြီးနောက် အုတ်ပလ္လင်ဖျက်ပြီးမှ အရောင်စုံ အရွယ်စုံ ဓာတ်တော်များ ရရှိခြင်း။

 

  • မီးသြင်္ဂိဟ်ပြီးနောက် သက်တော်ရှိစဉ်သကဲ့သို့ အကြည်ဓာတ် မပျက် မီးမခဘဲ မျက်လုံးတော် ကျန်ရှိခြင်း။

 

  • မီးသြင်္ဂိဟ်ပြီးနောက် ချိတ်ဆက်ဖြစ်သော လက်ဆစ်ရိုးတော်များ ရရှိခြင်းတို့ဖြစ်ကြပါသည်။

ဓမ္မဆုံးမစာများ

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအာင် စိတ်ကိုထား၊
ဘုရားအဆူဆူ၊ မိန့်တော်မူ၊ အတူတူ ထိုတရား...

ဆက်လက်ဖတ်ရှုရန်

ဗုဒ္ဓဘာသာခြေခံ

*အမည်- (သိဒ္ဓတ္ထ) ဂေါတမ

*ခမည်းတော် – သုဒ္ဓေါဒန ဂေါတမ မင်းကြီး

*မယ်တော် – မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)

ဆက်လက်ဖတ်ရှုရန်

Thitsarparami App

သစ္စာပါရမီ Andorid App အသစ်အား Play Store အကောင့်မရှိသူများ ဒေါင်းလိုပါက အောက်ပါပုံအားနှိပ်ပါ